ခွင့်ပြုချက်မရှိပဲ ဗိုလ်အောင်ဒင် နာမည်သုံးစွဲမှု ဂီတ အစည်းအရုံးသို့ တိုင်ကြား
လူသိများ ရေပန်းစားနေသော တေးသံရှင် မနော၏ ဗိုလ်အောင်ဒင်လို လူကြမ်းသီချင်း ခေါင်းစဉ်တွင် မူလဖန်တီးသူ၏ ခွင့်ပြုချက် မရှိဘဲ ဗိုလ်အောင်ဒင် အမည်ကို သုံးစွဲထားသည့်အတွက် ညှိနှိုင်းပေးပါရန် ဂီတအစည်းအရုံးသို့ တိုင်ကြားထားကြောင်း ဗိုလ်အောင်ဒင်ကို ဖန်တီးခဲ့သူ ဒါရိုက်တာ ရွှေဒုံးဘီအောင်၏ မြေးဖြစ်သူ ဒေါ်ခင်သန့်စင်အောင်က The Voice သို့ ပြောကြားသည်။
“ဗိုလ်အောင်ဒင်သီချင်းက ကထိန်မှာ စပေါက်သွားတာ အစ်မတို့ သိတယ်။ မေမေ့ကို လာပြောပေမယ့် အောင်မြင်ပါစေဆိုပြီး ဒီအတိုင်း လွှတ်ထားတာ။ အစ်မတို့မှာ ပတ်ဝန်းကျင် အသိုင်းအဝိုင်း ရှိတယ်။ ဒီအတိုင်း ကြည့်နေကြမှာလား၊ နင်တို့ ဒီလိုပဲနေနေမှာလားဆိုပြီး လာပြောလွန်းလို့ လုပ်လိုက်ရတယ်”ဟု ၎င်းကဆိုသည်။
ဗိုလ်အောင်ဒင်၏ မူလအစမှာ ၁၉၃၉ ခုနှစ်တွင် ဗိုလ်အောင်ဒင် အသံထွက် ရုပ်ရှင်ကို ရုံတင်ပြသခဲ့ပြီး ထိုဇာတ်ကား၏ ဝတ္ထု၊ ဇာတ်ညွှန်းနှင့် ဒါရိုက်တာအဖြစ် ဒါရိုက်တာ ရွှေဒုံးဘီအောင်က စီစဉ် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။
“အခုချိန်ထိ ကျွန်တော်တို့ကို ဌာနဆိုင်ရာက ဘာမှ ဆက်သွယ်မလာသေးဘူး။ ရောက်လာတော့မှ ဘယ်လို ဆက်လုပ်သွားမလဲဆိုတာ တိုင်ပင်ရမယ်။ သီချင်းခေါင်းစဉ်က ဆင်ဆာ တင်ကတည်းက ကြမ်းတဲ့လူတွေကို စံနမူနာပေးထားတဲ့ ပုံစံနဲ့ ဗိုလ်အောင်ဒင်လို လူကြမ်းဆိုပြီး ပေးထားတာ”ဟု တေးသံရှင် မနောက ဆိုသည်။
ဗိုလ်အောင်ဒင်လို လူကြမ်းသီချင်းသည် ယမန်နှစ် ဩဂုတ်လခန့်တွင် စတင် လူသိများ ရေပန်းစားလာခြင်းဖြစ်ပြီး အလှူမဏ္ဍပ်တိုင်း၊ အိမ်တိုင်း၊ ဆိုင်တိုင်းနီးပါးတွင် ဗိုလ်အောင်ဒင် သီချင်းကို ဖွင့်ခဲ့ကြသည်။
Source : The Voice

Reviewed by Unknown
on
April 09, 2017
Rating:
Reviewed by Unknown
on
April 09, 2017
Rating:

No comments: